
ပေါ်တူဂီ ဂိုးသမားဟောင်း ဟိုဆေးဖိလစ်မော်ရင်ဟိုနှင့် မာရီယာဂျူလီယာမော်ရင်ဟိုတို့၏ သားဖြစ်သည့် ဟိုဆေးမော်ရင်ဟိုကို ၁၉၆၃ ခုနှစ် ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် ပေါ်တူဂီနိုင်ငံ၊ စီတူဘယ်လ်မြို့၌ မွေးဖွားခဲ့သည်။ သူသည် ဘောလုံးလောကသို့ ကစားသမားတဦးအနေဖြင့် စတင်ခြေချခဲ့သော်လည်း သူ၏ ခြေစွမ်းခြေစနည်းမှုအပေါ် အားမရသဖြင့် နည်းပြအလုပ်ဘက်သို့ ကူးပြောင်းခဲ့သည်။
၁၉၉၀ ပြည့်လွန် အစောပိုင်းကာလများတွင် လက်ထောက်နည်းပြနှင့် လူငယ်အသင်းနည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အင်္ဂလိပ်လူမျိုးနည်းပြကြီး Sir Boby Robson အတွက် စကားပြန် ဖြစ်လာခဲ့သည်။ မော်ရင်ဟိုသည် ပေါ်တူဂီတွင် စပို့တင်းကလပ်ဒီပေါ်တူဂယ်လ်နှင့် အက်ဖ်စီပေါ်တိုကလပ်တို့၌ ဆာဘော်ဘီချာလ်တန်နှင့် အတူတွဲလုပ်ရင်း ၀ါရင့်နည်းပြကြီးထံမှ နည်းပြပညာကို တလှေကြီး ဆည်းပူးခွင့်ရခဲ့သည်။ ထို့နောက် စပိန်ကလပ် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားသည့် ဆာဘော်ဘီချာလ်တန်နောက်သို့ မော်ရင်ဟို လိုက်ပါခဲ့သည်။

မော်ရင်ဟိုသည် နောက်နှစ်တွင် ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ခ်ျ ပိုင်ဆိုင်သည့် ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တွင် ချယ်ဆီးအသင်းကို နှစ်နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ သူသည် ဟုတ်တိုင်းမှန်ရာကို ပြောဆိုတတ်သည့်အတွက် အငြင်းပွားဖွယ်ရာကိစ္စများကို မကြာခဏ လက်ယပ်ခေါ်သလိုဖြစ်ခဲ့သည်။ သို့သော် ပေါ်တိုအသင်းနှင့် ချယ်ဆီးအသင်းတွင် ရရှိသည့် အောင်မြင်မှုများကြောင့် အဆင့်တူ နည်းပြများနှင့် စာနယ်ဇင်းများက သူ့ကို ကမ္ဘာ့ထိပ်တန်း ဘောလုံးနည်းပြတဦးအဖြစ် အသိအမှတ်ပြုခဲ့လေသည်။
ထိုအောင်မြင်မှုများအတွက် မော်ရင်ဟိုကို နိုင်ငံတကာ ဘောလုံးသမိုင်းနှင့် စာရင်းဇယားပြုစုရေးအဖွဲ့ချုပ် (IFFHS) က ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီနှစ်ခုစလုံးအတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးနည်းပြအဖြစ် ရွေးချယ်ခဲ့လေသည်။
ထို့နောက် ချယ်ဆီးအသင်းနှင့် သဘောထားကွဲလွဲပြီး အီတလီကလပ် စီးရီးအေအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၈ ခုနှစ်လယ်ပိုင်းလောက်တွင် အင်တာမီလန်အသင်းနှင့် (၃) နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ (၃) လအတွင်း သူ၏ ပထမဆုံး အီတလီဆုဖလားဖြစ်သည့် စူပါကိုပါအီတာလီယာဖလားကို ရယူနိုင်ခဲ့ပြီး အီတလီစီးရီးအေ ချန်ပီယံဆုဖလားကို ရယူခြင်းဖြင့် သူ၏ ပထမရာသီကို အဆုံးသတ်ခဲ့သည်။

တဦးချင်းဆုများအနေနှင့် မော်ရင်ဟိုသည် ၂၀၀၂-၂၀၀၃၊ ၂၀၀၃-၂၀၀၄ ယူအီးအက်ဖ်အေ တနှစ်တာအကောင်းဆုံး မန်နေဂျာဆု၊ ၂၀၀၂-၂၀၀၃၊ ၂၀၀၃-၂၀၀၄ ပေါ်တူဂီလီဂါ တနှစ်တာအကောင်းဆုံး မန်နေဂျာဆု၊ ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၉ စီးရီးအေ တနှစ်တာအကောင်းဆုံး မန်နေဂျာဆု၊ နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းဇယားပြုစုရေးအဖွဲ့ချုပ် (IFFHS) ၏ ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ကမ္ဘာ့အကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၂-၂၀၀၃၊ ၂၀၀၃-၂၀၀၄ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် တနှစ်တာအကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၃, ၂၀၀၄, ၂၀၀၅ ယူအီအက်ဖ်အေ တနှစ်တာအကောင်းဆုံးနည်းပြဆု၊ ၂၀၀၅ ဘီဘီစီစပို့တ်၏ တနှစ်တာအကောင်းဆုံးနည်းပြ၊ ၂၀၀၅ Onze d'Or အကောင်းဆုံး ဥရောပနည်းပြဆု၊ ၂၀၀၄ နိုဝင်ဘာ, ၂၀၀၅ ဇန်န၀ါရီ, ၂၀၀၇ မတ်လ ပရီးမီယားလိဂ် တလတာအကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၄, ၂၀၀၅ ကမ္ဘာ့ဘောလုံးမဂ္ဂဇင်း တနှစ်တာအကောင်းဆုံးနည်းပြဆုနှင့် နိုင်ငံတကာအားကစားမီဒီယာအဖွဲ့၏ ၂၀၁၀ ကမ္ဘာ့အကောင်းဆုံးမန်နေဂျာဆုတို့ကို ရရှိပြီးဖြစ်သည်။

မော်ရင်ဟိုသည် ငယ်စဉ်က အနိုင်ရလိုစိတ်ပြင်းပြသည့် ကလေးတဦးအဖြစ် လူသိများခဲ့ပြီး မိခင်ဖြစ်သူက သူ၏ အားတက်သရော ကြိုးပမ်းအားထုတ်မှုများ အောင်မြင်မှုရရှိစေရန် အစဉ်အမြဲ အားပေးကူညီခဲ့သည်။ ဘောလုံးသည် သူ့ဘ၀၏ အဓိက အစိတ်အပိုင်းဖြစ်ခဲ့ပြီး သူ၏ဖခင် ကစားသမားဘ၀မှ နည်းပြအဖြစ်သို့ ကူးပြောင်းခဲ့ပြီးနောက် မော်ရင်ဟိုသည် ဘောလုံးသမားများ၏ လေ့ကျင့်ခန်းဆင်းချိန်များကို စောင့်ကြည့်ခွင့်ရခဲ့သည်။ ပြိုင်ဘက်အသင်းများအား စုံစမ်းထောက်လှမ်းပုံတို့ကို လေ့လာဆည်းပူးခွင့်ရခဲ့သည်။
ဘောလုံးသမားတဦး ဖြစ်လာပြီးနောက်တွင်မူ မော်ရင်ဟိုသည် ဖခင်ခြေရာကို နင်းချင်လာသည်။ လူငယ်အသင်းတွင် အဆင်မြင့်လေ့ကျင့်မှုများ ပြလုပ်ပြီးနောက် (သူ၏ ဖခင် နည်းပြလုပ်ခဲ့သည့်) Rio Ave, Belenenses, Sesimbra ကလပ်အသင်းများတွင် ကစားခဲ့သည်။ သို့သော် ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် အောင်မြင်မှုမရနိုင်သည့် သူ၏ ချို့ယွင်းချက်များကို သိမြင်ပြီးနောက် ပရော်ဖက်ရှင်နယ် ဘောလုံးနည်းပြတဦးဖြစ်မည့်လမ်းကို လိုက်ရန် ရွေးချယ်ခဲ့တော့သည်။
မော်ရင်ဟိုသည် သူ၏ မိခင် စာရင်းပေးသွင်းသည့် စီးပွားရေးကျောင်းသို့ တက်ရောက်ခဲ့သေးသော်လည်း ပထမနေ့မှာပင် ကျောင်းမှ နုတ်ထွက်ခဲ့သည်။ အားကစားအပေါ် ပို၍အာရုံစိုက်ရန် ဆုံးဖြတ်ထားသည့် မော်ရင်ဟိုသည် အားကစားသိပ္ပံပညာကို လေ့လာဆည်းပူးရန်အတွက် လစ္စဘွန်း နည်းပညာတက္ကသိုလ်သို့ တက်ရောက်ရန် ရွေးချယ်ခဲ့သည်။ သူသည် ကျောင်းများတွင် ကာယပညာကို သင်ကြားပေးခဲ့ပြီးနောက် (၅) နှစ်အကြာတွင် သင်တန်းကာလတလျှောက် အကောင်းဆုံး ရမှတ်များနှင့် ဒီပလိုမာဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။
ထို့နောက် အင်္ဂလိပ်နှင့် စကော့ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးဖွင့်လှစ်သည့် နည်းပြသင်တန်းကို တက်ရောက်ခဲ့ပြီး စကော့တလန် နည်းပြဟောင်း အင်ဒီရော့ခ်ဘာ့ဂ်ျက ပေါ်တူဂီလူငယ်၏ ကြိုးစားမှုနှင့် အသေးစိတ် အာရုံစိုက်မှုကို အသိအမှတ်ပြုခဲ့သည်။ မော်ရင်ဟိုသည် နည်းပြသီအိုရီများကို စိတ်ဓာတ်မြှင့်တင်ရေး နည်းနာများ၊ စိတ်ပိုင်းဆိုင်ရာ နည်းဗျူးဟာများနှင့် ရောမွှေကာ နည်းပြ၏ အခန်းကဏ္ဍကို အဓိပ္ပာယ်သစ်ဖွင့်ဆိုဖို့ ကြိုးပမ်းခဲ့သည်။
ကျောင်းနည်းပြအဖြစ်မှ အလုပ်ထွက်ပြီးနောက် မော်ရင်ဟိုသည် သူ၏ ဇာတိမြို့တွင် ပရော်ဖက်ရှင်နယ် နည်းပြလုပ်ခွင့်ရမည့် လမ်းကြောင်းများကို ရှာဖွေခဲ့သည်။ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် ဗစ်တိုးရီးယားဒီစီတူဘယ်လ်အသင်းတွင် လူငယ်အသင်းနည်းပြ ဖြစ်လာသည်။ ထို့နောက် တဆင့်မြှင့်သည့်အနေဖြင့် အက်စ်ထရီလာဒါအမာဒိုရာအသင်း၏ လက်ထောက်နည်းပြရာထူးကို လက်ခံခဲ့သည်။ မော်ရင်ဟိုသည် ပို၍ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်လာရပြီး ၁၉၉၂ ခုနှစ်တွင် ထိပ်တန်းနိုင်ငံခြားသားနည်းပြတဦးအတွက် စကားပြန်အဖြစ် ဆောင်ရွက်ပေးရမည့် အခွင့်အလမ်းတခု ပေါ်ပေါက်လာသည်။

ရော့ဘ်ဆင်ကို စပို့တင်းနည်းပြအဖြစ်မှ ထုတ်ပယ်ပြီးနောက် ပြိုင်ဘက် ပေါ်တိုအသင်းက နည်းပြအဖြစ် ခန့်အပ်သည့်အခါတွင်လည်း မော်ရင်ဟိုက ရော့ဘ်ဆင်နှင့် ဆက်လက်လက်တွဲခဲ့သည်။ ပေါ်တိုတွင် နှစ်နှစ်ကြာ နည်းပြပြီးနောက် ၁၉၉၆ ခုနှစ်တွင် ဘာစီလိုနာသို့ နှစ်ဦးသား ထပ်မံပြောင်းရွှေ့ခဲ့ပြန်သည်။ သူ၏ ဘာသာစကားကျွမ်းကျင်မှုနှင့် ကြိုးစားမှုကို ပြသရင်း မော်ရင်ဟိုသည် ဘာစီလိုနာတွင် နည်းပြပညာကို ဆက်လက်လေ့လာသင်ယူခဲ့သည်။
မော်ရင်ဟိုနှင့် သူ၏ မိသားစုသည် ဘာစီလိုနာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲများတွင် ဘာသာပြန်လုပ်ပေးမှု၊ လေ့ကျင့်ခန်းလုပ်ချိန်များကို စီစဉ်ရမှု၊ ကစားသမားများကို နည်းဗျူဟာဆိုင်ရာ အကြံပေးခြင်းဖြင့် ကူညီမှု၊ ပြိုင်ဘက်အသင်းများအကြောင်း ခွဲခြမ်းစိတ်ဖြာပြတတ်မှုတို့ကြောင့် သူသည် ဘာစီလိုနာအသင်း ၀န်ထမ်းများထဲတွင် ထင်ရှားသူတဦး ဖြစ်လာခဲ့သည်။
ရော့ဘ်ဆင်နှင့် မော်ရင်ဟိုတို့၏ နည်းပြပုံများသည် တဦးနှင့်တဦး အတွဲအဖက်ဖြစ်ကာ ပြည့်စုံစေသည်။ ရော့ဘ်ဆင်က တိုက်စစ်ဦးစားပေး ကစားဟန်ကို ဦးစားပေးပြီး မော်ရင်ဟိုက ခံစစ်ရွေးချယ်မှုများကို ထောင့်စေ့အောင် လုပ်ဆောင်တတ်သည်။ အစီအစဉ်ရေးဆွဲခြင်း၊ လေ့ကျင့်သင်ကြားပေးရခြင်းတို့ကို နှစ်သက်သည့် မော်ရင်ဟိုနှင့် ကစားသမားကို တိုက်ရိုက်ညွှန်ကြားမှုပေးတတ်သည့် ရော့ဘ်ဆင်တို့ အတွဲအဖက်မိခဲ့သည်။ သူတို့နှစ်ဦး၏ အဆက်အစပ်မိမှုကြောင့် ဘာစီလိုနာအသင်း အောင်မြင်ရရှိခဲ့ပြီး European Cup Winners' Cup ဆုဖလားကို ရယူနိုင်ခဲ့သည်။
နောက်ဘောလုံးရာသီတွင် ရော့ဘ်ဆင် ကလပ်အသင်း ပြောင်းရွှေ့သွားသော်လည်း ဘာစီလိုနာအသင်းက လက်ထောက်နည်းပြအဖြစ် သူ့ကို ဆက်ရှိနေစေချင်သည့်အတွက် ဤတကြိမ်တွင်မူ ရော့ဘ်ဆင်နောက်သို့ မော်ရင်ဟို လိုက်မသွားတော့ပေ။ ရော့ဘ်ဆင် ကလပ်အသင်း ပြောင်းရွှေ့ခဲ့သော်လည်း နှစ်ဦးသား မိတ်ဆွေကောင်းများအဖြစ် ဆက်ဆံရေးမပျက်ရှိခဲ့ပြီး မော်ရင်ဟိုက ရော့ဘ်ဆင်၏ နေရာကို ဆက်ခံသူ လူးဝစ္စဗန်ဟားလ်နှင့် အလုပ်ဆက်လုပ်ခဲ့သည်။

မော်ရင်ဟိုတွင် ကျွမ်းကျင်သည့် လက်ထောက်နည်းပြတဦးထက်မက ပိုဖြစ်နိုင်သည့် အနာဂတ်ရှိကြောင်း ဗန်ဟားလ်က သိမြင်ခဲ့သည်။ သူက မော်ရင်ဟိုကို လွတ်လပ်သည့် ကိုယ်ပိုင်ဟန်ဖြင့် နည်းပြခွင့်ပြုခဲ့သည်။ ဘာစီလိုနာ (ဘီ) အသင်း၏ နည်းပြတာဝန်များကို သူ့အား ယုံယုံကြည်ကြည် အပ်နှံခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် မော်ရင်ဟို ရရှိခဲ့သည့် ကိုပါကာတာလန်ယာကဲ့သို့သော ဆုဖလားအချို့အတွက် ပွဲစဉ်များတွင် ဗန်ဟားလ်သည် (သူကိုယ်တိုင် မော်ရင်ဟို၏ လက်ထောက်အဖြစ် ဆောင်ရွက်ရင်း) မော်ရင်ဟိုအား ပထမအသင်းနည်းပြအဖြစ် တာဝန်ယူကြီးကြပ်ခွင့်ပြုခဲ့သည်။
ထို့အပြင် လစ္စဘွန်း နည်းပညာတက္ကသိုလ်က သူ၏ အောင်မြင်မှုများအတွက် Honoris causa ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။
ပေါ်တိုအသင်းနှင့် ဖလား (၆) လုံး၊ ချယ်ဆီးအသင်းနှင့် ဖလား (၆) လုံး၊ အင်တာမီလန်အသင်းနှင့် ဖလား (၅) လုံး ရယူပြီးဖြစ်သည့် မော်ရင်ဟိုကို ယနေ့အချိန်အခါတွင် ကမ္ဘာ့အကောင်းဆုံး မန်နေဂျာများအနက်မှ တယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုနေကြရပြီဖြစ်သည်။ မော်ရင်ဟိုသည် ၂၀၁၀ ခုနှစ် မေလ (၂၈) ရက်နေ့တွင် စပိန်ကလပ်အသင်းကြီးဖြစ်သည့် ရီးရဲလ်မက်ဒရစ်အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူရန် လက်ခံခဲ့လေသည်။

အစပထမတွင် ဘင်ဖီကာအသင်းသို့ လက်ထောက်နည်းပြအဖြစ်နှင့် ပြန်သွားရန် ဗန်ဟားလ်နှင့် စကားပြောဖြစ်ခဲ့ပုံကို မော်ရင်ဟိုက ယခုလို ပြန်လည်ပြောဆိုခဲ့သည်။ “သူက ပြောတယ်။ မလုပ်နဲ့ မင်းမသွားနဲ့၊ သူတို့ ပထမအသင်းနည်းပြအဖြစ်နဲ့ လိုချင်ရင် မင်း သွားမယ်၊ လက်ထောက်နည်းပြအဖြစ်ပဲ သူတို့ လိုချင်တယ်ဆိုရင် မင်း ဒီမှာပဲဆက်နေမယ်လို့ ဘင်ဖီကာက ပုဂ္ဂိုလ်တွေကို ပြော” လို့ ဗန်ဟားလ်က အကြံပြုခဲ့ပုံကို မော်ရင်ဟိုက ပြန်ပြောင်းပြောပြခဲ့သည်။
မော်ရင်ဟိုသည် ISEF နည်းပညာတက္ကသိုလ်တွင် သူ၏ ဆရာအဖြစ်နှင့် ပထမအကြိမ် ဆုံတွေ့ခဲ့ဖူးသည့် ဖာရဲရားကို အလွန်အကျွံ ဝေဖန်ခဲ့ပြီး နောက်ပိုင်းတွင် “ဒါဟာ အနှစ် (၃၀) အလုပ်လုပ်ခဲ့တဲ့ မြည်းတကောင်ရဲ့ပုံပြင်ပဲ ဖြစ်နိုင်မှာပါ။ မြင်းတကောင်တော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး” ဟုပင် ပြောဆိုကာ ၀ါရင့်နည်းပြအား ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့လေသည်။
ဘင်ဖီကာတွင် နည်းပြအဖြစ် ဆောင်ရွက်ပြီး သီတင်းပတ် အနည်းငယ်သာ ကြာမြင့်သေးချိန်တွင် မော်ရင်ဟို၏ ဆရာ ဆာဘော်ဘီရော့်ဘ်ဆင်က နယူးကာဆယ်အသင်းတွင် လက်ထောက်နည်းပြရာထူးကို ထမ်းဆောင်ရန် သူ့ကို ကမ်းလှမ်းခဲ့သည်။ ရော့ဘ်ဆင်သည် မော်ရင်ဟိုကို သူနှင့် လက်တွဲရန် အသည်းအသန် အလိုရှိခဲ့ပြီး (၂) နှစ်အကြာတွင် နည်းပြအဖြစ်မှ နုတ်ထွက်ကာ မော်ရင်ဟိုကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်းလည်း ကမ်းလှမ်းမှုတွင် ထည့်သွင်းပြောဆိုခဲ့သည်။ မော်ရင်ဟိုက ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ရော့်ဘ်ဆင်အနေနှင့် သူချစ်သော ကလပ်အသင်း၏ နည်းပြရာထူးအား ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်သည်ကို သူ သိရှိကြောင်း ပြောဆိုခဲ့သည်။

မော်ရင်ဟို၏ တောင်းဆိုမှုကို ဗီလာရင်ဟိုက ငြင်းပယ်ခဲ့သဖြင့် မော်ရင်ဟိုက သူ၏ ရာထူးမှ ချက်ချင်းနုတ်ထွက်ခဲ့သည်။ ပေါ်တူဂီလိဂ်ပွဲ (၉) ပွဲကိုသာ နည်းပြအဖြစ် ကိုင်တွယ်ပြီးနောက် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ဘင်ဖီကာကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ဗီလာရင်ဟိုက သူ၏ ညံ့ဖျင်းသော ဆုံးဖြတ်ချက်အတွက် နောင်တရမိကြောင်းနှင့် မော်ရင်ဟိုကို ဆုံးရှုံးခဲ့ရသည့်အတွက် စိတ်ပျက်မိကြောင်း နောက်ပိုင်းတွင် ပြောဆိုခဲ့သည်။
မော်ရင်ဟိုသည် နည်းပြသစ်အလုပ်ကို အလျင်အမြန် ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် ယူနီယာအိုဒီလေးရီရာကလပ်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရသည်။ မော်ရင်ဟိုသည် လေးရီရာကလပ်အသင်းတွင် အသိအမှတ်ပြုစရာ အောင်မြင်မှုမျိုး မရှိခဲ့သော်လည်း ပေါ်တူဂီ ကလပ်အသင်းကြီးများ၏ စိတ်ဝင်စားမှုကို သူ ရရှိခဲ့သည်။
၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင် အက်ဖ်စီပေါ်တိုအသင်းက နည်းပြ အော့တာဗီယိုမာချာဒို၏ နေရာကို အစားထိုးရန် မော်ရင်ဟိုကို ရွေးချယ်ခန့်အပ်ခဲ့သည်။ ထိုနှစ် ဘောလုံးရာသီအကုန်တွင် ပေါ်တူဂီလိဂ်ပြိုင်ပွဲ၌ ပေါ်တိုအသင်းကို တတိယနေရာ ရရှိစေခဲ့ပြီး လာမည့်နှစ်တွင် ပေါ်တိုအသင်းကို ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း မော်ရင်ဟိုက ကတိပေးခဲ့လေသည်။
မော်ရင်ဟိုသည် ပေါ်တိုအသင်းကို ပြီးပြည့်စုံသော အသင်းတသင်းဖြစ်စေရန် အဓိက ကျောရိုးပြုနိုင်မည်ဟု သူ ယုံကြည်သည့် ဗစ်တာဘိုင်ယာ၊ ရီကာဒို ကာဗယ်လ်ဟို၊ ကော့စတင်ညာ၊ ဒေကို၊ ဒီမီထရီ အလီနီချက်ဗ်နှင့် ပေါ့စ်တီဂါ ကဲ့သို့သော ကီးပလေယာ အများအပြားကို အလျင်အမြန် ရွေးထုတ်ခဲ့သည်။ ချာလ်တန်အသင်းသို့ အငှားသွားကစားနေသည့် အသင်းခေါင်းဆောင် ဂျော့ခ်ျကော်စတာကိုလည်း (၆) လ အငှားပြည့်ပြီးနောက် အသင်းသို့ ပြန်လည်ခေါ်ယူခဲ့သည်။ ထို့အပြင် ယူနီယာအိုဒီလေးရီရာမှ နူနိုဗလန်တေး၊ ဒါလေး၊ ဗစ်တိုးရီးယားဒီဆီတူဘယ်လ်မှ ပေါ်လိုဖာရဲရား၊ ဘိုအာဗစ္စတာမှ ပီဒရိုအီမန်နျူရယ်လ်၊ ဘင်ဖီကာနှင့် စာချုပ်သက်တမ်းကုန်သွားသည့် အက်ဒ်ဂါရက်စ် ယန်းကော့ကပ်စ်၊ မန်နစ်ခ်ျတို့ကို အသစ်ခေါ်ယူ စာချုပ်ခဲ့သည်။

နောက်ရာသီတွင် မော်ရင်ဟိုသည် ပေါ်တူဂီစူပါဖလားပြိုင်ပွဲ၌ ကလပ်ဟောင်း လေးရီရာကို (၁) ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူခဲ့သော်လည်း ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင်မူ ယူကရိန်းတိုက်စစ်မှူး အင်ဒရေ ရှက်ဗ်ရှင်ကို၏ အသည်းခွဲမှုကြောင့် အေစီမီလန်အသင်းကို (၁) ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ ဆုဖလား လက်လွတ်ခဲ့ရသည်။ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီ ပေါ်တူဂီလီဂါဖလားကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီး အိမ်ကွင်း ရှုံးပွဲမရှိစံချိန်နှင့် အဆုံးသတ်နိုင်ခဲ့သည်။ ပေါ်တူဂီလီဂါဆုဖလားကို ဘောလုံးရာသီမကုန်မီ (၅) ပတ်အလိုတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၀၄ ခုနှစ် မေလတွင် ယှဉ်ပြိုင်ကစားသည့် ပေါ်တူဂီဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ပေါ်တိုအသင်းသည် ဘင်ဖီကာအသင်းကို ရှုံးနိမ့်ကာ ဆုဖလား လက်လွတ်ခဲ့ရသော်လည်း နောက်နှစ်ပတ်အကြာတွင်မူ မော်ရင်ဟိုသည် ဧရာမဆုဖလားကြီးတခုကို ဆွတ်ခူးနိုင်ခဲ့လေသည်။ ဂျာမဏီနိုင်ငံတွင် ယှဉ်ပြိုင်ကစားသည့် နောက်ဆုံးဗိုလ်လုပွဲတွင် ပေါ်တိုအသင်းက အေအက်စ်မိုနာကိုအသင်းကို (၃) ဂိုး - ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ယူပြီး ယူအီအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလားကြီးကို ရရှိခဲ့ခြင်းဖြစ်သည်။ အုပ်စုအဆင့်တွင် ရီးရဲလ်မက်ဒရစ်ကို တပွဲရှုံးနိမ့်ခဲ့သည်မှအပ ရှုံးထွက်အဆင့်တွင် မန်ချက်စတာယူနိုက်တက်၊ ကွာတားဖိုင်နယ်တွင် အိုလံပစ်လိုင်ယွန်၊ ဆီမီးဖိုင်နယ်တွင် ဒီပို့တီဗိုတို့ကို ဖယ်ရှားကာ ချန်ပီယံလိဂ်ဆုဖလားကြီးကို မော်ရင်ဟို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့သော မော်ရင်ဟို၏ ဥရောပနှင့် ပြည်တွင်းပြိုင်ပွဲ အောင်မြင်မှုများကြောင့် လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ ချယ်ဆီး အပါအ၀င် ဥရောပ ထိပ်တန်းကလပ် အတော်များများက သူ့ကို အလုအယက် အဆက်အသွယ် ပြုလုပ်ခဲ့ကြတော့သည်။
No comments:
Post a Comment